10
ရှောလုမင်းကွယ်လွန်တော်မူခြင်း
(၁ရာ၊ ၃၁:၁-၁၃)
1 ဖိလိတ္တိအမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့နှင့် ဂိလဗောတောင်ပေါ်တွင် တိုက်ပွဲဖြစ်ကြရာ၊ ဣသရေလအမျိုး သားတို့အမြောက်အမြားကျဆုံးကြ လေသည်။ ရှောလုမင်းနှင့်သားတော်များ အပါအဝင်ကျန်ရှိသောသူတို့သည် ထွက်ပြေးကြကုန်၏။- 2 ဖိလိတ္တိအမျိုးသားတို့သည်လိုက်၍မီသော အခါ ရှောလု၏သားများဖြစ်ကြသော ယောနသန်၊ အဘိနဒပ်နှင့်မေလခိရွှ တို့ကိုကွပ်မျက်ပစ်ကြ၏။- 3 တိုက်ပွဲသည်ရှောလု၏ပတ်လည်တွင်ပြင်း ထန်လှသဖြင့် ရှောလုသည်ရန်သူများ၏ မြားချက်ဖြင့်ပြင်းစွာဒဏ်ရာရလေ၏။- 4 သူသည်မိမိ၏လက်နက်များကိုသယ် ဆောင်ပေးသူလုလင်ပျိုအား``ဘုရားမဲ့ ဖိလိတ္တိအမျိုးသားတို့လာ၍ ငါ့အား သရော်မော်ကားမပြုလုပ်နိုင်ကြစေရန် သင်သည်ဋ္ဌားကိုဆွဲထုတ်ကာငါ့အား သတ်လော့'' ဟုဆို၏။ သို့ရာတွင်ထိုလုလင် သည်မင်းကြီးကိုသတ်ရန်ကြောက်ရွံ့လျက် နေသဖြင့် ရှောလုသည်မိမိ၏ဋ္ဌားကိုဆွဲ ထုတ်ပြီးလျှင် ဋ္ဌားပေါ်တွင်လှဲချကာ မိမိကိုယ်ကိုအဆုံးစီရင်တော်မူ၏။- 5 လုလင်ပျိုသည်ရှောလုကွယ်လွန်သွား ကြောင်းတွေ့မြင်သောအခါ မိမိကိုယ်ကို ဋ္ဌားပေါ်တွင်လှဲချကာသေလေ၏။- 6 ဤသို့လျှင်ရှောလုနှင့်သားသုံးယောက် စလုံးပင်ကွယ်လွန်ကြသဖြင့် သူ၏မင်း ဆက်ပြတ်လေတော့၏။- 7 ယေဇရေလချိုင့်ဝှမ်းတွင်နေထိုင်ကြသော ဣသရေလအမျိုးသားတို့သည် မိမိတို့၏ စစ်သည်များတပ်လန့်၍သွားကြောင်းကိုလည်း ကောင်း၊ ရှောလုမင်းနှင့်သားတို့ကွယ်လွန်သွား ကြောင်းကိုလည်းကောင်းကြားသိလေသော် မိမိ တို့၏မြို့များကိုစွန့်ပစ်၍ထွက်ပြေးကြကုန် ၏။ ထိုအခါဖိလိတ္တိအမျိုးသားတို့သည် လာ၍ထိုမြို့များကိုသိမ်းပိုက်ကြ၏။
8 တိုက်ပွဲပြီးဆုံးပြီးနောက်တစ်နေ့၌ ဖိလိတ္တိ အမျိုးသားတို့သည်အလောင်းကောင်များမှ ပစ္စည်းများကိုလုယူရန်လာကြသောအခါ ရှောလုနှင့်သားတို့၏အလောင်းများကို ဂိလဗောတောင်ထိပ်တွင်တွေ့ရှိကြ၏။- 9 သူတို့သည်ရှောလု၏ဦးခေါင်းကိုဖြတ်၍ အဝတ်တန်ဆာများကိုချွတ်ပစ်ကြ၏။ ထို နောက်စေတမန်တို့အားရှောလု၏ဦးခေါင်း နှင့်လက်နက်များကိုယူဆောင်၍ ဖိလိတ္တိ ပြည်ကိုလှည့်လည်ကာမိမိတို့အမျိုး သားများနှင့်ရုပ်တုများရှိရာအရပ် များတွင်သတင်းကောင်းကိုကြေညာ စေကြ၏။- 10 သူတို့သည်ရှောလု၏လက်နက်များကို မိမိတို့၏ဘုရားကျောင်းတွင်ထား၍ သူ ၏ဦးခေါင်းကိုဒါဂုန်ဗိမာန်တွင်ချိတ်ဆွဲ ထားကြ၏။- 11 ရှောလုအားဖိလိတ္တိအမျိုးသားတို့အဘယ် သို့ပြုကျင့်ကြသည်ကို ဂိလဒ်ပြည်ယာဗက် မြို့သားတို့ကြားလျှင်။- 12 သူရဲကောင်းအပေါင်းတို့သည်သွား၍ ရှောလု မင်းနှင့်သားတို့၏အလောင်းများကိုယာဗက် မြို့သို့ယူဆောင်ခဲ့ကြ၏။ ထိုနောက်အရိုးတို့ကို ဝက်သစ်ချပင်အောက်တွင်သင်္ဂြိုဟ်ကြပြီးလျှင် ခုနစ်ရက်တိုင်တိုင်အစာရှောင်ကြကုန်၏။
13 ရှောလုမင်းကွယ်လွန်တော်မူရခြင်းအကြောင်း မှာ သူသည်ထာဝရဘုရားအပေါ်သစ္စာဖောက် သောကြောင့်ဖြစ်၏။ သူသည်ထာဝရဘုရား၏ အမိန့်တော်တို့ကိုလွန်ဆန်ခဲ့၏။-✡ ဝတ်၊ ၁၉:၃၁၊ ၂၀:၆။ ၁ရာ၊ ၁၃:၈-၁၄၊ ၁၅:၁-၂၄၊ ၂၈:၇-၈။ 14 ထာဝရဘုရားနှင့်တိုင်ပင်မည့်အစားလူသေ တို့၏ဝိညာဉ်များနှင့်နှီးနှောတိုင်ပင်ခဲ့လေ သည်။ သို့ဖြစ်၍ထာဝရဘုရားသည်ရှောလု အား ကွပ်မျက်တော်မူ၍သူ၏နိုင်ငံကိုယေရှဲ ၏သားဒါဝိဒ်အားအုပ်စိုးစေတော်မူ သတည်း။